နိုဝင်ဘာလ ၂၂ ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး မြန်မာ့ ပင်လယ်ပြင်နှင့် ထိစပ်နေသည့် နောင်တော်မြစ် အတွင်း သောင်တင် သွားသည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့များသို့ပြေးဆွဲ လျက်ရှိသော အောင်တံခွန်-၂ ခရီးသည်တင်သင်္ဘောပေါ်မှ ညခရီးသည် ၄၂၀ ဦးအား ကျောက်ဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်(ရေ)နှင့် အခြားဌာန ဆိုင်ရာများ၊ အဖွဲ့အစည်း များ နှင့်အတူသွား ရောက်ကယ်တင် ခဲ့ကြသည်ဟုသတင်း ရရှိသည်။
အဆိုပါသင်္ဘော သည်မြေပုံမြို့မှ ကျောက်ဖြူမြို့သို့ လှိုင်းငြိမ်သက်သည့် နံနက်ပိုင်းအချိန် နောင်တော်မြစ်အားဖြတ်ကူးစဉ် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင်သောင်တင်သွား ခဲ့ခြင်းဖြစ်သည်။
သင်္ဘော သောင်တင် နေမှုအား နံနက် ၅ နာရီတွင်ကြားသိ ရပြီးသည်နှင့် တပြိုင်နက် ကျောက်ဖြူမြို့ပေါ်ရှိ မြန်မာနိုင်ငံ ကက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒု-တပ်ရင်းမှူး နှင့်တပ်ဖွဲ့ဝင် ၂၀ ဦးတို့သည် နံနက် ၅ နာရီ ၄၀ ခန့်တွင် ပြည်နယ်လူမှုရေး ၀န်ကြီး ဒေါက်တာ အောင်ကျော်မင်းဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့များနှင့် သောင်တင် သင်္ဘောရှိရာသို့ သင်္ဘော ၇ စီးဖြင့်ထွက်ခွာခဲ့ကြသည်။
ကယ်ဆယ်ရေးသင်္ဘောများသည် သောင်တင်နေသည့် အောင်တံခွန်-၂ သင်္ဘောရှိရာသို့ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၃စင်း နှင့်အတူ နံနက် ၉ နာရီ ရောက်ရှိခဲ့ကြသည်။ ထို့နောက် တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် အခြားသင်္ဘောများပေါ်သို့ ခရီးသည်များအား အောင်မြင်စွာ ပြောင်းရွှေ့ကယ်တင်ကြပြီး အဆိုပါနေရာမှ ကျောက်ဖြူမြို့ သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။
သောင်တင်သင်္ဘောပေါ်မှ ခရီးသည်များအား ကယ် ဆယ်ရေးသင်္ဘောများပေါ်သို့ ပြောင်းရွှေ့ကယ်တင်မှု သည် အချိန် ၁ နာရီ ၃၀ မိနစ်အထိ ကြာမြင့် ခဲ့ကြောင်းနှင့် ခရီးသည်များ အနက် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးသာ ခြေထောက် အရိုးကျိုး ဒဏ်ရာရှိ ခဲ့ပြီး ကျန်ခရီးသည်များအနေဖြင့် မည်သည့်ဒဏ်ရာမှ ရရှိခြင်းမရှိကြောင်း သိရှိရသည်။ ၄င်းအရိုးကျိုး လူနာ အား ကျောက်ဖြူမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ၀င်များမှ ကျောက်ဖြူ မြို့ဆိပ်ကိမ်း သို့ ရောက်ရှိသည် အထိရှေးဦးပြုစုခြင်းဖြင့် လမ်းခရီး တစ်လျှောက်ပြုစု စောင့်ရှောက် ခဲ့ကြသည်။ ကယ်တင်ပြောင်းရွှေ့ ခဲ့ရသည့် ခရီးသည်များ အနက် အချို့မှာ ကျောက်ဖြူ မြို့သို့ သွားရောက်၍ မျက်စိ ဝေဒနာ ဆေးကုသမှု ခံယူမည့်သူများဖြစ်ပြီး သံဃာတော်များ လည်း ပါရှိကြောင်း ကြားသိရသည်။