
ဒေးဒရဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်းနှင့် ဆရာ၊ဆရာမများ ဦးဆောင်၍ ကျောင်းအခြေပြု ဘေးအန္တရာယ် လျော့ပါးရေး (ဆင့်ပွား) သင်တန်းတစ်ရပ်အား ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ (၁၂) ရက် နေ့အထိ ဒေးဒရဲမြို့နယ်၊ အ.ထ.က (၁) ကျောင်းတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းင်းသင်တန်းသို့ ဒေးဒရဲမြို့နယ်၊ အခြေခံ ပညာ အထက်တန်းကျောင်း အမှတ် (၁)နှင့် မြို့မ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား (၂၂) ဦးနှင့် ကျောင်းသူ (၂၂) ဦး၊ စုစုပေါင်း (၄၄)ဦး သင်တန်းတက်ရောက်ခဲ့ကြသည်။
၎င်းသင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးချုပ်တွင် သင်တန်းတက်ရောက်ခဲ့ ကြသော ဆရာ၊ ဆရာမ (၅) ဦး တို့မှ နည်းပြများအဖြစ် ဦးဆောင်သင်တန်းပို့ချခဲ့ကြပြီး၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များမှ အားဖြည့်ကူညီခဲ့ကြသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ (က) ဘေးဒုက္ခကျရောက်နိုင်သည့် အခြေအနေများကို ကြိုတင်သိရှိစေရန်၊ (ခ) ဘေးအန္တရာယ် ကျရောက်လာလQင် စနစ်တကျတုံ့ပြန်တတ်စေရန်၊ (ဂ) ဒေသတွင်းရှိ စွမ်းဆောင်ရည်များ ဖော်ထုတ် သိရှိမှု ပိုမိုမြင့်မား တိုးတက်လာစေရန်၊ (ဃ) သင်တန်းမှရရှိလာသော သတင်းအချက်အလက်များကို မိမိပတ်ဝန်းကျင်တွင် ပြန်လည် အသိပေးတတ်စေရန် ဖြစ်သည်။
သင်တန်းတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာနှင့် ကနဦးကြိုတင်သတိပေးချက်များ၊ ကျောင်းတွင်း ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များ ရှာဖွေဖော်ထုတ်ခြင်း၊ ဘေးကင်းရာ လမ်းကြောင်း/နေရာအား အဖွဲ့လိုက်ရွေးချယ်သတ်မှတ်ခြင်း၊ အခြေခံသတိပေးချက်ဆောင်ရွက်ခြင်းနှင့် ကျောင်းတွင်း (လက်တွေ့) လေ့ကျင့်ခြင်း စသည့်ခေါင်းစဉ်များအလိုက် ဆွေးနွေးပို့ချမှုများကို သုံးရက်တာ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသူ ကျောင်းသားများမှ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ ကြကြောင်းသိရှိရသည်။
အေးမြစိုး
အစီရင်ခံပြန်ကြားရေးအရာရှိ
မြန်မာနိုင်ငံကြက်ခြေနီအသင်း