Home
Press Release
News & Articles
Program Area
Services
Publication
Organization
History
Donation
Careers
Donate Blood
 
 

နာဂစ်လေဘေးသင့်ပြည်သူများအတွက် အမိုးအကာအထောက်အပံ့ပေးအပ်ခြင်း


မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နာဂစ်လေဘေးဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၁) မြို့နယ်တွင် အိမ်ရာများပျက်စီးသွားသော လေဘေးသင့်ပြည်သူများအား အမိုးအကာ အထောက်အပံ့များကို အကြိမ်ရေများခွဲ၍ ထောက်ပံ့ ပေးအပ်ခဲ့ရာ ယခုဆိုလျှင် ပထမအသုတ် ထောက်ပံ့မှုများပြီးစီးကာ၊ ဒုတိယ အသုတ် အထောက် အပံ့ပေးအပ်ခြင်းလုပ်ငန်းများမှာလည်း ပြီးစီးလုနီးပါးဖြစ်ပါသည်။

အမိုးအကာများ အထောက်အပံ့ပေးအပ်ခြင်းအစီအစဉ်တွင် မိသားစုများအတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်ဆောက်ပစ္စည်းများနှင့် လက်သမားခငွေများ ထောက်ပံ့ ပေးခြင်း၊ စာကြည့်တိုက်များ၊ စာသင်ကျောင်းများ၊ တံတားများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆိပ်ခံတံတားများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစသည့် အများပြည်သူသုံး အဆောက် အဦးများအား ပြန်လည်ပြုပြင်ရန်ထောက်ပံ့ခြင်း၊ ကျေးရွာကြက်ခြေနီအသင်းရုံး (Red Cross Post) များ ဆောက်လုပ်ပေး ခြင်း၊ အိမ်ရာများ ဆောက်လုပ်ရာတွင် မှန်ကန်သော နည်းစနစ်များသုံး၍ ဆောက်လုပ်တတ်စေရန်အတွက် လက်သမား သင်တန်းများပို့ချပေးခြင်း စသည့်လုပ်ငန်းများပါရှိသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ မိတ်ဖက် ကြက်ခြေနီနှင့်လခြမ်းနီအသင်းများနှင့် ပူးပေါင်း၍ စာသင် ကျောင်းဆောင်များ၊ ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦးများ၊ မုန်တိုင်းခိုကျောင်းဆောင် (School-cum-shelter) များ ဆောက်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။

ကွမ်းခြံကုန်းမြို့နယ် နာဂစ်လေဘေးပြန်လည်ထူထောင်ရေးရုံးခွဲ၏ အမိုးအကာ အထောက်အပံ့ ပေးရေးအဖွဲ့သည် (၉.၁၂.၂၀၁၀) နေ့တွင် ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်း ကျေးရွာတွင် အကျိုးခံစားခွင့်ရှိသူ (၁၆) ဦးအား အိမ်ရာဆောက်လုပ်ရာတွင် ကုန်ကျမည့် လက်သမားခငွေများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။ အကျိုးခံစားခွင့်ရှိသူ များမှာ မရမ်း၊ အင်းကွတ် နှင့် ကျိုက်ပတ်ကျေးရွာများမှဖြစ်ကာ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) ကျပ်စီအား ကျေးရွာလူကြီးများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အထက်ပါ အကျိုး ခံစားခွင့်ရှိသူများမှာ အိမ်ရာပြန်လည် ဆောက်လုပ်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းခွဲ စီတန်ဖိုးရှိသော အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီးသူများ ဖြစ်ကာ အိမ်များ ဆောက်လုပ်ပြီးစီး သည့်အခါတွင်လည်း အိမ်များရေရှည်ခိုင်မြဲစေရန် အိမ်သုတ်ရေနံချေး အတွက် ငွေကျပ် (၁၀၀၀၀) စီကိုလည်း ထပ်မံထောက်ပံ့ပေးအပ် သွားမည် ဖြစ်ပါသည်။


ကွမ်းခြံကုန်းရုံးခွဲ အမိုးအကာအထောက်အပံ့ပေးရေးအစီအစဉ်တစ်ခုတွင်
အကျိုးခံစားခွင့်ရှိသူများအား ငွေသားထောက်ပံ့ပေးအပ်နေစဉ်

ယင်းသို့ထောက်ပံ့ပေးအပ်ခြင်းသည် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ နာဂစ်လေဘေးသင့် ဒေသအချို့ရှိ ပျက်စီးပြိုလဲသွား သော အိမ်ရာများနေရာတွင် ပြန်လည်မတည်ဆောက်နိုင်ဘဲ ယာယီတဲအိမ်လေးများဖြင့် နေကြသူများအား ကူညီထောက်ပံ့ ပေးခြင်းဖြစ်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀) စုတွင် အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၅၇၁) ဦးအား ထောက်ပံ့ပေးအပ်ရန် လျာထားချက်ရှိခဲ့ရာ ပထမအသုတ်အနေဖြင့် ကျေးရွာအုပ်စု (၁၀)စုတွင် အကျိုးခံစားခွင့်ရှိသူပေါင်း (၃၆၄) ဦးအား ကူညီထောက်ပံ့ပေးခဲ့သည်။ ယခု ဒုတိယအဆင့် အနေဖြင့် ကျေးရွာအုပ်စု (၇) စုတွင် အိမ်အလုံး (၂၀၇) လုံးအား အကောင်အထည်ဖော် ဆောက်လုပ်ဆဲဖြစ်ပြီး ယခု ဒီဇင်ဘာလအကုန်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ပါသည်။

မျိုးမမကျော်
Reporting Officer
ကွမ်းခြံကုန်းမြို့နယ် နာဂစ်လေဘေးပြန်လည်ထူထောင်ရေးရုံးခွဲ


 
 
Myanmar Redcross

Home| Press Release | News | Program Area | Services | Publication | Organization | History | Donation | Careers
© 2009 Myanmar Red Cross Society. All Rights Reserved. Web developed by Sai Phong Kham.